Powered By Blogger
Saturday, July 4, 2015
စိတ်ညစ်စရာ ကောင်းလောက်အောင် တိုက်ဆိုင်တတ် မှန်တတ်တဲ့ လစိတ်
စိတ်ညစ်စရာ ကောင်းလောက်အောင် တိုက်ဆိုင်တတ် မှန်တတ်တဲ့ လစိတ်
------------
ပထမဆုံးက ဒီလစိတ် ဖြစ်သန်းပုံကို ပထမဆုံး စတွေးတော စောင့် ကြည့်  မှတ်တမ်းတင်ပြီး စိတ်ကျေနပ်လောက်စရာ တော်တော်လေး တိုက်ဆိုင် ခိုင်မာပြီဆိုမှ ကျနော်တို့ တပည့် တွေကို ပြန်ပြောပြခဲ့ တဲ့ ကျနော်တို့ ဆရာ ဦးလင်းအောင်ကို ဘ၀ခရီးကြီးတစ်ခုလုံးစာအတွက် တန်ဘိုးကြီးမားတဲ့  လစိတ်ပညာ သဘောတရားအတွက် သိပ်ကိုကျေးဇူးတင်တာပါပဲလို့ ...( အရင်က တစ်နှစ်တာအတွင်း ဘယ်လဟာ ပိုသတိထားသင့် တယ် ဘယ်လဆိုရင်တော့ ကံစပွင့် ပြီးဆိုတဲ့  ဘာညာတွေကို မရေမရာနဲ့  ၀ါးတားတားသဘောပဲသိခဲ့ လို့ ပါ)
ဒီနေ့ မနက် မျက်ရည်စက်လက်နဲ့  လာငိုပြသူက လိုင်းကားစီးရင်း  သုံးသိန်းတန် နားကပ် ခါးပိုက်နှိုက်ခံလိုက်ရတဲ့ သာကေတီးယားသူ  ၁၈ခုဖွား သီတင်းကျွတ်လာကုန်ခါနီးမွေး ကြာသာပတေးသမီး မရဏဖွား မုဆိုးမ သက်တမ်းတစ်နှစ် ရှိသူပါဗျာ.....
ဒီနားကပ်ကို လက်ကောက်လေး ပြောင်းလုပ်မလို့  ငွေစုနေတုန်း သွားလေရာရာ ပိုက်ဆံအိပ်လေးထဲမှာ ထည့် ဆောင်ထားမိခဲ့ တာ သုံးလလောက်ရှိပြီလို့ ဆိုပါတယ်.. အခုတော့  မနေ့ က ခါးပိုက်နှိုက်ခံရတဲ့ အထဲပါသွားလို့ ;;;;;;;...ပြောရင်းနဲ့  နှပ်တွေထွက်လာ မျက်ရည်တွေတောက်တောက်ကျလာတော့ ...ကျနော်လည်းဘာလုပ်ရမှန်း မသိတာနဲ့  ဒီလိုပဲ ငုတ်တုတ်လေးထိုင်ကြည့် နေလိုက်ရပါတယ်....သူအငိုစဲသွားမှ....
အခုပြောပြချင်တာက ဒီကြာသာပတေးသမီး ၁၈ခုဖွားဟာ အခု ဆို အသက် ၅၉  သောကြာ သက်ရောက်ပါ.....ယေဘူယျဆို အကောင်းများသဘောလို့ ဆိုမှာပါ..အများစုကတော့  အကောင်းနှစ်ဆို တစ်နှစ်တာလုံး ဘာမှမဖြစ်ရတော့ ဘူးလို့ ထင်လေ့ ရှိပါတယ်...ဒါပေမယ့်  ကျနော်တို့ လစိတ်ဖြတ်သန်းပုံကို
ရှာဖွေတွေ့ ရှိပြီးနောက်မှာ ဘယ်လစိတ်မှာတော့  အနဲနဲ့ အများ ကွိုင်ပူတတ်တာ ပိုပြီး ၀င်ငွေကောင်းတတ်တာတွေကို တွေ့ လိုက်ရပြီတဲ့ အခါ...
သီတင်းကျွတ်လကုန်ခါနီးမွေးတဲ့  ကြာသာပတေးသားသမီးတွေ အဖို့  မွေးကင်စကနေ သေတဲ့ အထိ နှစ်စဉ် နယုန်လကုန်ခါနီး ၀ါဆိုနဲ့ ဝါခေါင်ဆန်းကြားဟာ အင်္ဂါဂြိုလ်ပိုင်နက် ကို တစ်လခွဲ လောက် လစိတ်အဖြစ် ဖြတ်ဖြတ်သွားရမှာပါ...အဲ့ လစိတ်ဖြတ်တိုင်း စိတ်ထိခိုက်စရာတွေ ( စိတ်ကိုတိုက်ခိုက်တာတွေ) နဲ့ တနင်္လာနံခိုက် ငွေကုန်စရာတွေ ခေါင်းစဉ်တစ်ခုခုနဲ့ ကို ဒဲ့ ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အနဲနဲ့ အများကြုံရမှာပါ...ပြင်းထန်တာနဲ့  ယာယီအညံ့ သဘောခွဲတာက ဘယ်သက်ရောက်မှာ ဖြစ်တာလဲနဲ့  ခွဲပါတယ် အခု သီတင်းကျွတ်လကုန်ခါနီးမှာ.မွေးတဲ့ ကြာသာပတေးသမီး ခါးပိုက်နှိုက်ခံရတဲ့  ၀ါဆိုဦးဟာ အင်္ဂါလစိတ်နဲ့ ကွက်တိပါပဲပေါ့ လေ....( သူကလည်း ကျနောက သတိပေးပေးနေတတ်တဲ့ လပိုင်းကို သတိရပါတယ်တဲ့  မနေ့ ကမှ သတိလစ်သွားတုန်း အနှိုက်ခံလိုက်ရတာပါလို့ ဆိုပါတယ်)...
သုံးတန်ပေါ်ပညာဘက်က ကြည့် ရင် အင်္ဂါလစိတ် ရဲ့ သုံးတန်တိုင် ရဲ့  နိစ္စပြကြိုးတွဲဟာ တနင်္လာနံ+ သောကြာနံ = ခိုးသူ= သူခိုးကိန်းသဘောမို့  အပျောက်အရှ ထူပြောတတ်တဲ့ လစိတ်ပါ....ပြီးတော့  လူသိနဲပြီး သတိမထားမိတတ်ကြတာက  အင်္ဂါ သက်ရောက်ဖြစ်စေ လစိတ်ဖြစ်စေ  အင်္ဂါ အဌလက်ခွင်ဟာ အင်္ဂါ အခါတိုင် (၀ါ) ဘောမတိုင် သဘောဖြစ်လို့  ဘောမတိုင်ရဲ့  ခိုက် တနင်္လာနံ သဘောပါ အားဝင်နေတယ်လို့ ဆိုတဲ့ သဘောပါ...ဒါဟာ သက်ရောက် ၈ ခွင်စလုံးပေါ်မှာ ဒီသဘောပဲ ရှိပါတယ်...ဒါ့ ကြောင့်  သောကြာ သက်ရောက်မှာ သောကြ တိုင် ရဲ့ ခိုက် ကြာသာပတေးနံ သဘော ကြာသာပတေး သားသမီးတွေဟာ သောကြာသက်ရောက် အကောင်းသဘော ရှိပေမယ့် အဆင်မသင့် ရင် ယာယီသဘော ရုတ်တရက် ချောင်ပိတ်ပိတ်သွားတာ ကျမ္မာရေးထဖေါက်တာ ချော်လဲခလုပ်တိုက်တွေဖြစ်လွယ်တာမျိုးကြုံတတ်တာမျိုးဖြစ်လာတတ်ပါတယ်..( ဖြစ်တော့ မှ မီးစင်ကြည့် ကရတာမျိုး ကြာသာပတေးတိုင်း ဖြစ်မယ်လို့ မဆိုနိုင်သလို ပွဲကြမ်းမယ်လို လည်းမပြောနိုင်ပါဘူး)
ကျနော့် အတွေ့ အကြုံတွေအရတော့  သက်ရောက်ကောင်းတယ်ဆိုဆို သက်ရောက်ညံ့ တယ်ဆိုဆို သိပ်အရေးမကြီးသေး ဘ၀ကို တဆစ်မချိုးနိုင်သေး တကယ့် ကို သတိထားတာက လစိတ် ပါပဲ  လစိတ်အညံ့ မှာ တစ်ချက်မှားလိုက်တာနဲ့  (၀ါ) ဆုံးဖြတ်ချက် တစ်ခုမှားလိုက်တာနဲ့  တစ်နှစ်စာလည်း ဖြစ်နိုင် တစ်သက်စာလည်း ကားသွားနိင်တာပါပဲပေါ့ လေ..ဒီတော့  ယတြာ ဆိုတာ လူ့ ကံနောက်ကသာ နေရလို့  လူက အရင် ကြိုပြီးသတိထားတာ စိတ်ရှည်ဖို့ လိုရင် စိတ်ရှည်ပေးတာ အချိန်စောင့် ဖို့ လိုရင် အချိန်စောင့် တာမျိုးကို အရင် လုပ်ထားရပါတယ်...
နောက်တစ်ချက်က လူတစ်ယောက်ဟာ ဒီဂြိုလ်ပတ်လမ်းတွေမှာ ပတ်လည် သွားနေပုံက ကွက်တိ ကျပြီး မှန်နေတာ များလို့  ဘာလို့ ဒီလောက်အထိ ကွက်တိတွေ လိုက်လိုက်ကျနေသလဲကို ( သဘောက ဒီစစ်စတမ်ကြီးထဲမှာ ဘယ်လစိတ်ဖြစ်ရင် ဘာဖြစ်တတ်တယ်ဆိုတာတွေဟာ  ဘာလို့ လိုက်မှန်နေတာများရတာလဲ လိုက်မှန်နေပုံက  ဘ၀တွေဟာ  ကြိုတင်ပြဌာန်းခံထားရသလိုနဲ့  အတော်တူတယ် ဘယ်နေရာဘာဖြစ်မယ်ဆိုတာ ရှေ့ မှာ ကြိုတင် ရှိထားနေပြီးသားလား...ရှိထားတာကို မြင်နိုင်တဲ့  ဥာဏ်မျိုး မရှိသေးလို့  မသိတာလား..စသဖြင့် ပေါ့ လေ နှစ်တော်တော်ကြာက တွေးဖူးပါတယ်...တွေးယုံတွေးပြီး ရပ်ထားလိုက်ပါတယ်...အဲ့  အတွက် တစ်ဘ၀စာ အချိန်ကုန် မခံနိုင်လို့ ပါ...ကျနော်လိုချင်တာက အစ တွေ သိဖို့ ထက် အသုံးချ သွားယုံလေးလိုချင်တာမျိုး ဖြစ်နေလို့ ပါပဲဗျား...)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..