Powered By Blogger

Friday, February 13, 2015

'' သာကူမုန့် ဖက်ထုတ် ၊ ပဲပြုတ်နံပြား နဲ့  အင်ဖေါ်မာ''


သာကူမုန့် ဖက်ထုတ် ၊ ပဲပြုတ်နံပြား နဲ့  အင်ဖေါ်မာ
------------------------
ကြုံလို့ ပြောပြရရင် ကျနော်တို့ ဘက်မှာ ညသန်းခေါင်ကျော်မှ အသံအကျယ်ကြီးနဲ့ အော်ပြီး ညပိုင်းအဆာပြေအဖြစ်လာတတ်တဲ့  ယောက်ျားတွေ ရောင်းတဲ့  အသည် နှစ်သည်က သာကူမုန့် ဖက်ထုတ် နဲ့  ပဲပြုတ်နံပြားသည် ပါ။ အဲ့ နှစ်သည်မှာ သာကူမုန့် ဖက်ထုတ်သည်တစ်ချို့ က ထောက်လှန်ရေးသတင်း ပေးတို့  အင်ဖေါ်မာတို့  ဆိုပြီး မသင်္ကာကြလို့   သိပ်ဝယ်မစားဖြစ်ကြပေမယ့်  ပဲပြုတ်နံပြားက လာနေကျ လူငယ်တွေဖြစ်တာရယ် လူအပြောင်းအလဲ သိပ်မရှိတာရယ် အချိန်ကလည်း လာနေကျအချိန် မှန်နေတတ်တာများတာရယ် ပျောက်သွားခဲတာရယ်ကြောင့်  သန်းခေါင်ကျော် အမာစာ တစ်ခုခု စားချင်ရင် အဲ့ ပဲပြုတ်နံပြားသည် အော်သံစောင့် ပြီးဝယ်စားရတယ်...နံပြားက ပလာတာအပြော့ စားလိုမို့  အဲ့ နံပြားပေါ်ပဲပြုတ်ပုံ နောက်ကြက်သွန်နီဆီချက်နဲနဲဖြန်းပြီးကော်ပြန့် လိပ်လို လိပ် ပေး တယ် ...ပထမကာလတွေမှာ တစ်လိပ်ကို ၃၅ကျပ် နဲ့ ၃လိပ်တစ်ရာပေါ့ ။ နောက်တော့  တစ်လိပ် ၅၀ တွေဖြစ်လာတယ်။ ၂လိပ် ၃လိပ်လောက်ကို ရေနွေးပူပူ ကိုင်းဖန်ခွက်နဲ့ ဝါးမျှောလေး လုပ်လိုက်ရင် မနက်အထိအဆာခံနိုင်သွားတယ်။


အဲ့ ပဲပြုတ်နံပြားသည်လေးတွေဟာ ညဦးပိုင်း ၁၀နာရီ ၁၁ နာရီလောက်အထိက တရုပ်တန်းဘက်က လမ်းဘေး လက်ဘက်ရည်ဆိုင်လေးတွေမှာ ကျင်လည်ပြီးမှ ညနက်မှ လမ်းသွယ်တွေထဲလှည့် တယ် ။ ကျနော်တို့ အလုပ်သဘောကြောင့်  မနက်စောစော ၃နာရီလောက် ကမ်းနားဘက် ကုန်တွေ ဘာတွေ ကိစ္စကြောင့် ဆင်းသွားတဲ့ အခါ အဲ့ ပဲပြုတ်နံပြားသည်လေးတွေကို ပြန်တွေ့ ရပြန်တယ်...အဲ့ တာ့ လည်း ဒါပဲစားစရာရှိလို့  ဒါပဲဝယ်စားရပြန်တယ် အဆာပြေပေါ့ ..

အဲ့ လို တောက်လျှောက် ဒီမျက်နှာတွေချည်းတွေ့ နေရလို့ သူတို့ ဟာ အင်ဖေါ်မာတွေ မဟုတ်ဘူးလို့ ယုံကြည်ကြပြီး အားပေးကုန်ကြတာမျိုးလည်းပါတယ်၊ သာကူမုန့် ဖက်ထုတ်သည်တွေမှာ ထူးခြားချက်က ပုံမှန်ကာလတွေမှာ လာနေကျလူက ခပ်အသက်ကြီးကြီးတွေ အသံပါ မှတ်မိနေလောက်အောင် ပုံမှန် လာနေကြဖြစ်ပြီး တိုင်းပြည်မှာ  နိုင်ငံရေး ကွိုင်တွေ ဖြစ်လာပြီဆိုရင် မျက်နှာစိမ်းတွေ အသက်ငယ်သူတွေ  ဖြစ်ကုန်တတ်ပြီး လာချိန်က လူဝယ်မစား လူခြေမတိတ်သေးချိန် ၇နာရီ၈နာရီတွေ မှာဖြစ်လို့  အဲ့ ဒါတွေဟာ အင်ဖေါ်မာဆိုပြီး ၀ယ်မစားကြတော့ ပြန်ဘူး...

အဲ့ လို အင်ဖေါ်မာလို့ အထင်ခံရတဲ့ အထဲ လက်ပွေ့ ဗေဒင် ဟောစာတမ်းသည် တွေလည်း ပါတယ်..သင်္ကြန်စာ ကာလနဲ့  ဗယုတ်ဗရက် ဖြစ်ချိန်ဆို သင်္ကြန်စာသည် အသစ်လေးတွေ ပွထနေတော့ အောင် ထွက်လာတတ်ပြီး တစ်နေရာတစ်နေရာမှာ အကြာကြီးရပ် မျက်လုံးက ဟောစတမ်း ၀ယ်သူကိုကြည့် တဲ့ မျှော်တဲ့ မျက်လုံးနဲ့ မတူ သူများ အိမ်တွင်းထိတွေ အထိ ကြည့် တတ်တာမျိုးနဲ့ ကျီးကန်းတောင်းမှောက် ဂဏှာမငြိမ်ဖြစ်နေလို့ သူတို့ ကို  အင်ဖေါ်မာတွေလို့  ထင်ကြတယ်..။ အရပ်ထဲ လမ်းထဲက လူတွေဟာ မျက်နှာစိမ်းဆို မျက်နှာစိမ်းမှန်းတန်းသိသလို သိယုံနဲ့ တင်မပြီး မျက်လုံး ဒေါက်ထောက်တောင်လိုက်ကြည့် တတ်လေ့ရှိတယ်..မသင်္ကာရင် ဆက်ဆံရေးကျဲသွားပုံက စကားမေး လိပ်စာမေးလေးတောင် ဘုဆတ်ဆတ်အသံနဲ့ ဆက်ဆံလွှတ်တတ်တာများတယ်။

အာဏာရှင်လက်အောက်မှာနေရတဲ့ လူတွေဆိုတာ ဒီလိုပါပဲ အမြဲတမ်း တစ်စုံတစ်ရာကို မသင်္ကာစိတ်တွေနဲ့ နေကြရတဲ့ သဘောရှိတာပါပဲ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..